ယခုရေးသော post ကလေးမှာ ကျွန်မ အတွက် ဆွတ်ပျံ့ လွမ်းမော စရာ ငယ်ဘဝ အကြောင်း တစ်စေ့တစ်စောင်း ၊ ကျွန်မတို့ ဖခင်နှင့် သူ့ ၏ အလုပ်နှင့် လုပ်ဖေါ်ကိုင်ဘက်များအကြောင်း ၊ ခေတ်ကာလ နှင့် ရိုးရှင်းသော အုပ်ချုပ်ရေး၊ ငြိမ်းချမ်းသော လူလူချင်းယိုင်းပင်းမှု လေးများကို ဖေါ်ပြထားပါသည်။
အိမ်ရှေ့ ဘက်မှာ ဆိုင်ခန်းနဲ့ တွဲ ရက် ကျွန်မတို့ ဖခင် ရုံခန်း စဆောက်တော့ နွေရာသီ အိမ်အောက်ကို အေးအောင် ရေလောင်း ထားသည်။ ဆောက်လက်စ အုတ်မြစ်တက်ကာစ ဘိလပ်မြေနံ့ သင်းသင်း နှင့် အသစ်ချွက်ချွတ် အုပ်မြစ် ကို ကြည့်ပြီး စိတ်လှုပ်ရှားလွန်းသဖြင့် ခုံပေါက်ပြေးလွှားရင်း မတော်တဆ ချော်လဲပြီး လက် တဒေါင်ဆစ်မှ အဆစ် လွှဲခဲ့သည်။ ကျွန်မတို့ ဖခင်က လက်ကို ကျိုးမကျိုး သေချာ စမ်းသပ်ပြီး သစ်သား ပေတံလေးဖြင့်ထိန်းကာ ပတ်တီးစီးပေးပါသည်။ နောက် ကျွန်မကို ချီပိုးပြီး သမဝါယမ ဆေးခန်း ရှိရာကို ခေါ်သွားပြီး ဆရာဝန်နှင့် ပြပါသည်။
အိမ်ဘေးဘက်တွင် မိုးတွင်းစာ ထင်းလှောင်ထားသော (မောင်းရပ်) အဖီမှာ ဝါးအခင်း၊ ဝါးအကာ၊ ဓနိမိုးဖြစ်ပြီး နိမ့်သဖြင့် လက်လွှဲခိုပြီး ကစားနေကြဖြစ်ပါသည်။ လူကြီးများ တားသည့်ကြားမှ အခါအခွင့်သင့်တိုင်း မောင်လေးတို့  ပုခက်ကို ခိုး စီးနေကျ။ သည်မောင်းရပ်ကလေး လုပ်ပြီးမှ ပုခက်ခိုးမစီးတော့ ။ မောင်းရပ်အဖီမှာ ကုလားထိုင်လေးချကာ ကျောင်းကွင်းထဲမှ ဘောလုံးကန်ပွဲ ကြည့်ရသည်မှာ အင်မတန်ကောင်းပါသည်။
မောင်းရပ် အဖီကလေးမှာ ကစားခုန် ကစားရတာ အလွန် သဘောကျစရာ ကောင်းသည်။(မိဘများ မျက်ကွယ်) တစ်နေ့ တော့ ဘားတန်းခိုသလို ခိုလွှဲပြီး ကစားနေခိုက် အရှိန်ဖြင့် ကျမကိုယ်ပေါ်ကို မောင်းရပ်ပြို ကျပါတော့သည်။ ဝါးချွန်စိုက်သဖြင့် ရင်ဘတ်မှာ သွေးရဲရဲထွက်ခဲ့သည်။ တင်ချာ အင်အိုအင်းစပ်စပ်ထည့်ပေးသည်ကို ကြိတ်ခံခဲ့ရသည်။ ကိုယ်အပြစ်နှင့် ကိုယ်ဖြစ်သဖြင့် ငိုကြောမရှည်ရဲခဲ့ပါ။
ကျွန်မအထက်က အမ (No3) နှင့် အုန်းပင်ချိတ်တက်ခဲ့ဖူးသည်။ ပလပ်စတစ်ကြည်ကြည်ထဲတွင် ကွမ်းသီးများနှင့် ရေကိုထည့်ကာ အုန်းပင်ထိပ်နားအထိတက်ပြီးထားသည်။ ဘာရယ်မဟုတ် ကြာကြာထားပြီး ရေနူးလာသည့် ကွမ်းသီးခြောက်များကို စားရသည်မှာ ရင်ငန်းစေ့ ကိုက်စားရသည်ထက် နူးညံပြီး အဖန်လဲ သက်သာပါသည်။ အုန်းပင်ထိပ်ဆုံး ရောက်အောင် အုန်းဖလက်များ ပေါ်မှ တဆင့် ခက်ခက်ခဲခဲ ချိတ်တွယ်တက်ပြီး အုန်းဖူှးဖူးသည့် နေရာနားရှိ ဂိုင်းမှာ ထိုင်ကာ လေတဖြူးဖြူးဖြင့် အောက်သို့ ငုံ့ ကြည့်ရသည် မှာ ပျော်လည်းပျော်သည် ပြန်ဆင်းရမှာကိုလည်း ကြောက်ပြီး ရင်တလှပ်လှပ်ဖြင့် ။
ညီအမ နှစ်ယောက်သား အတော်ကြာ ထိုင်ပြီး မှ အောက်သို့  ချိတ်တွယ် ဆင်းကြပြန်သည်။ အုန်းပင်ပေါ်မှကြည့်လျှင် သိပ်မဝေးသော နေရာမှာ ရေတွင်းရှိသည်။ ရေတွင်း ကတော်တော်နက်ပါသည်။ကလေး မျက်စေ့ဖြင့် အားလုံးဟာ အထူးအဆန်မို့  ပျော်သည်။ ချိတ်တွယ်တက်တုန်းက တက်ပြီး နောက်ပြန်ဆင်းရာမှာ ဒူးပွန်း၊ ပေါင်ပွန်းဖြင့် နာကျင်သော်လည်း အကူအညီမခေါ်ရဲ အမကြီးများနှင့် မိဘများ မသိအောင်ခိုးတက် ခဲ့ကြသည်။ ကျမတို့  နှစ်ယောက် အတင့်ရဲ လွန်းခဲ့ တာကို ပြန်ပြန်တွေးမိပြီး အန္ထရယ်များ မှန်း မတွေးခဲ့ ကြတာက အံသြစရာပါ။ ဒါကြောင့်ဘဲထင်သည် အရွယ်ရောက်လာတော့ ကျမတို့ နှစ်ယောက် စလုံး စွန့် စားရတာ risk ယူရတာ ဝါသနာပါသည်။ နေရာတကာ ဦးဆောင်ချင်သော စိတ်ဓါတ်ကလဲ တူသည်။
ရေတွင်းအရှေ့ ဘက်မျက်နှာစာမှာ မန်ကျည်းပင်ပျို နှင့် ဇော်စိမ်းပင်များ၊ အပြင် အုန်းပင်နှစ်ပင် ရှိပါသည်။ ကျွန်မတို့ ညီအစ်မ တက်သော အုန်းပင် နှင့် အတူတူ စိုက်ချိန်တူပေမဲ့ ၊ သိပ်မထွားပါ။ ကျွန်မတို့  တက်သောအပင် က တခြားသက်တူအပင်များထက် နှစ်ဆမျှ ပိုထွားပါသည်။
ကလေးများသော ပတ်ဝန်းကျင်မှာ နေသဖြင့် ကျမတို့ ပတ်ဝန်းကျင်မှာ ဆော့သံ၊ ငြင်းခုံသံ၊ ငိုသံ ရယ်သံများက နေ့ တဒူဝ ကြားနေရမြဲပါ။
အိမ်ရှေ့ မှ အုတ်တိုက် ကလေး အချောမသတ်မှီ မုန်တိုင်းကျသဖြင့် အုတ်ကြွပ်ချပ်များ တော်တော်ပျက်စီးခဲ့သည်။ သရက်သီးများကြွေခြင်း အုန်းသီးများကြွေခြင်းကြောင့် လဲ ဖြစ်ပါလိမ့်မည်။ ဖခင်၏ တရားစီရင်ရေး ရုံးငယ်လေးမှာ လဲ့ မိုးကြီးလျှင်စိမ့်ယို ကျတတ်သည်။ မှော်ဘီ ကျောက်ပြားစက်ရုံမှ အုပ်ကြွပ်များ ထိုအချိန်က ဈေးကြီးသော်လည်း အရည်အသွေး က စိတ်မချရပါ၊။ ရုံးခန်းအနောက်ဘက်မှာ ယာယီ ကာထားသည့် ထရံကွက် (ဒီဇိုင်းဖြင့် - ဦးလေး ဦးကုလားမောင် ဝါးကောင်းကောင်းဖြင့် ယက်သည်) မှ ကြော်ပြီး တရားစီရင်မှု့ တော်တော်များများ ကို ကြားရပါသည်။
ကျွန်မ က အကဲဆုံးပါ။ နားထောင်ရုံသာမက ထရံကွက်ကလေးကို လက်ညိုးဖြင့် အပေါက်ဖေါက်ကာ ချောင်းကြည့်ပါသည်။ လင်ကွာ မယားကွာအမှု ၊ ခိုးမှု ၊ လုယက်မှု ၊ ပြန်ပေါင်းမှု ၊ အတင့်ရဲမှု ၊ ဖေါက်ထွင်းမှု ၊ အကြွေးယူသူနှင့် ကြွေးပေးသူကြား အမှု ၊ မယားကြီး မယားငယ် ရန်ဖြစ်မှု က အစ ၊ ကျွန်မဖခင်တို့ ရုံးကလေးတွင် ဖြေရှင်းလေ့ရှိသဖြင် ၊ ရုံးချိန်းမလုပ်မီ တစ်ရက် နှစ်ရက်အလို တွင် စာရေးမှ မည်သည့်အမှု ကို ကြားနာမည်၊ ဥပမာ (မောင် XXX ၊ မ XXX တို့ ကွာရှင်း လိုမှု ကြားနာရန်) စသည့်  အချက်အလက် များကို အချိန် နာရီ နှင့် တကွ ကျောက်သင်ပုန်း တွင် ရေးထားသဖြင့်၊ ကျွန်မတို့ အဖို့  Life Show ကောင်းကောင်း ချောင်းဖြစ်ပါသည်။ (ဖခင်မသိခဲ့ပါ။)
တရားသူကြီးမှာ ယခင်တုန်းက ရွှေဒါးဆုရ သူကြီး ဦးစောမင်းဖြစ်ပြီး၊ အသက် ၇၀ နီးနီးခန့် ရှိပါလိမ့်  မည်။ အတည်ပြု အလုပ်အမှု ဆောင် အဖွဲ့ နှင့် ပူးပေါင်း ကြားနာရပါသည်။ တရားသူကြီး ဆီ တရားဝင် အမှုကို မလွှဲမီ ကျွန်မဖခင် ဦးဆောင်သော အဖွဲ့ မှ (အလုပ်အမှု ဆောင်အဖွဲ့ ) လို့ ခေါ်သည်။ လူမှု ရေးအရ အရင် ညှိ နှိုင်းကြသည်။ တော်ရုံရန်ဖြစ်တာလောက် နှင့် ဆို လျှင် အရှေ့ ပိုင်းမှ ဖခင်သူငယ်ချင်း ဦးလေး သက်တင် က အပြောကောင်းကောင်းနှင့် ဖြေရှင်းပေးသည်။ တူမကြီးတို့ ရယ်၊ ခုဟာက ကိုယ်ရွှေမျိုး (ဆွေမျိုး) သားချင်းတွေ မဟုတ်လား။ ခွင့်လွှတ်လိုက်ပါ။ ဦးလေးတို့  က လူမှု ရေးအရ နှစ်ဦးနှစ်ဘက် အဆင်ပြေအောင် ဝင်ညှိ ပေးတာ လက်ခံလိုက်ပါ။ စသည်ဖြင့် ပေါ့။ အဲဒီတုန်းက လာဘ်စားမှု တို့ ဘာတို့  လဲ ဒီလောက်မရှိ၊ တရားစီရင်တာကလဲ ရိုးရိုးရှင်းရှင်းပင်။ တိုင်ကြားသူတွေကလည်း ဒေါသထွက်တုန်းသာတိုင်ကြားကြသည် တကယ်တမ်း ကြားက ညှိနှိုင်းပေးသည့်  ရပ်မိရပ်ဖများရှေ့  ရောက်တော့ ငိုချင်ရက်လက်တို့  (အဘရယ် သမီးက ဒီလို ပြောတာပါ၊ ဟိုလို သဘော မဟုတ်ပါဘူး၊ စသည် စသည်ဖြင့်…...) ဒီလိုနဲ့  ပြန် အဆင်ပြေ သွား ကြတာ များသည်။
ကြုံတုန်း ပြောရဦးမည် အရှေ့ ပိုင်းမှ ဦးလေးသက်တင်မှာ အင်မတန် သဘောကောင်းသည်။ ကန်စွန်းဥ ပေါ်တိုင်း ကျမတို့  မိသားစုအတွက် ကန်စွန်းဥ တအိပ်ကြီး ကိုယ်တိုင် ယူလာပေးနေကျ။ သူကတကယ့် တောင်သူဦးကြီး၊ တကယ့်စိုက်ပျိုးရေး သမားကြီး ဖြစ်ပါသည်။ ဝါးဖတ်ဦးထုတ်ဆောင်း၊ အင်္ကျီ အဖြူ၊ ဆေးတံ သောက်တတ်ပြီး ၊ စကားပြောရာမှာ တကယ့်  မြန်မာသံ စစ်စစ်ဖြင့် ပြောသည်။ ကျွန်မဖခင်ကို ခင်သဖြင့် ကျွန်မတို့ စိတ်ထဲတွင်လဲ ဦးလေးရင်း တစ်ယောက်လို ခင်ပါသည်။
ရုံးခန်းငယ်လေး မှာ ကုလားထိုင် ၆လုံး ၊ ၇လုံး နှင့် နှစ်ယောက် ထိုင်ခုံတစ်လုံး၊ သစ်သား ခုံတန်း ၂ခုဖြင့်၊ သောက်ရေအိုးစဉ်တခု၊ ထို့ အပြင် ပြည်ထာင်စုအလံ နောက် ဗိုလ်ချုပ်အောင်ဆန်း ပုံ၊ နောက် Late ဦးနေဝင်း ဓါတ်ပုံတို့ ကို ချိတ်ထားပြီး။ ရုံးသမားများ သောက်ရန် ရေနွေးကြမ်းကို သွားချရပါသည်။ လက်ဘက်ခြောက်ခါးနှင့် ရေနွေးပူပူကို ကရားထဲထည့်ပြီး၊ အကြမ်းသောက် ပန်းကန်လုံး သေးသေး လေးများဖြင့် သွားတည်ခင်း ပေးရပါသည်။
အရေးယူရန် ရှိသည့် အပိုင်းများ တွင်လည်း တစ်ဦးတစ်ယောက် ဆုံးဖြတ်ချက်မျိုးမဟုတ်ဘဲ။ အများဆန္ဒ ကို အဓိက ထားကြသည်။ အမှန်တရား ရအောင် သေချာစီစစ်ကြသည်။ ကြီးသည့်အမှုငယ်အောင်၊ ငယ်သည့် အမှု ပပျောက်အောင် လုပ်ကြသည်။ တိုက်နယ်အုပ်စု ကလေးဟာလည်း အင်မတန်မှ ငြိမ်းချမ်းသည်။ ကြက်တိုက်တာ၊ ကြက် ဝိုင်း ဖမ်း တာလေးကအစ၊ ဖမ်းတဲ့ သူနဲ့  ကြက်တိုက်တဲ့သူ သူငယ်ချင်း ဖြစ်နေလို့  ကြက်ဖကြီး တိုက်ပုံထဲ ဝှက်ပြီး သွက်သွက်လေး ရှောင်ထွက်သွားတာက အစ ရီမောတတ်လျှင် တကယ့် ဟာသပင်။ ဟီး .. ကာယကံရှင် ဘဘဦးလန်ဘားကြီး ကျန်းမာပါစေ။(စကားချပ်)
ငွေစက္ကူ၊ ဒို့ အရေး နောက် ပိုင်း ရပ်ကွက် အရွှေ့ အပြောင်းများ၊ လူစုခွဲမှု များအပြီး ခေတ်စနစ် ပြောင်းသွားသည့် အခါမှ လာဘ်စားမှု့ များ၊ ငယ်သည့် အမှု ကြီးအောင်၊ ကြီးသည့်အမှု သောက်ကျိုးနဲ အောင်လုပ် ကြတော့သည်။ ဒါးမ ဦးချ နေခဲ့ကြသည့် ဒီနေရာလေးကို မည်သူမျှမပြောင်းချင်ကြ။ အရူးဖုန်းငို တောင် တင်းခံပြီး တစ်တဲဖျက် တစ်တဲ ဆောက် ကာ နေကျန်ခဲ့ သည်။
ပျော်ရွှင်လွမ်းမောစရာ ဒီနေရာလေးကို တိုက်ဆိုင်တိုင်း လွမ်းနေမိပါသည်။
ခုတော့ ရာဇဝင်လေး တစ်ခုဖြစ်ခဲ့ပြီ။
Remark: I changed the people’s names for some other reason.
သတ်ပုံမှားလျှင်သည်းခံပါ။
Thank for reading this post.
Sunday, 21 March 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment